စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Thursday, February 20, 2014

ဘကြီးသင်း ညာခဲ့လေသလား



ဘကြီးသင်း ညာခဲ့လေသလား
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်ရုံလေးလောက်က ဖြစ်ပျက်ခဲ့တာ ပါ.........
 ဒါပေမယ့်ဇါတ်လမ်း အဆုံးသတ်ဖို့ ကျနော် သတင်းလေးစောင့်မျော်လျက်ရှိဆဲပါ.........
ရခိုင်ပြည်နယ် ရဲ့ မြို့တော် စစ်တွေမြို့ရဲ့ အနောက်မြောက်ဖက် ယွန်းယွန်း ၁၂ မိုင် အကွာအဝေးလောက်မှာ ရှိပြီး 
စစ်တွေ-ဘူးသီးတောင်သွား သဘောင်္လမ်းကြောင်းပေါ်မှာရှိတဲ့
 မေယုမြစ်ဝှမ်း ကမ်းနဘေးက အိမ်ခြေ ၃၀၀ ကျော်လောက်ရှိတဲ့ 
အမြင့်ကျွန်းဆိုတဲ့  ရွာတစ်ရွာမှာ အလယ်တန်းပြဆရာ အဖြစ် 
၂နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။

အဲဒီအချိန်တုန်းက စစ်တွေကားလမ်းဟာ 
နာရီကန် တံတား၊ ကျောက်တန်း ဘေလီကြိုးတံတားများ
ကြက်ကိုင်းတန်၊ကျားမသောက် ကျောက်တန်း ကြွီတေး ကျေးရွာများ
ကိုဖြတ်သန်း၍  ပါဒလိတ်ကျေးရွာထိ 
ကတ္တရာ ကားလမ်းဖေါက်ထားပြီးပါပြီ

ပါဒလိပ်ကျေးရွာမှ မြေသား/ မြေမာကားလမ်း အမြင့်ကျွန်းကျေးရွာထိပ်ချောင်းကြီးနဘေးထိဖေါက်လုပ်ထားပါသည်။
 ချောင်းကြီးတစ်ဖက်မှဆက်၍ တစ်ခါ ပုဏ္ဏားကျွန်းမြို့ထိ
 မြေသားလမ်းအူကြောင်းဖေါက်လုပ်ပြီးစီးနေပြီဖြစ်ပါသည်။
ယခုအခါမှာတော့ စစ်တွေပုဏ္ဏကျွှန်းမြောက်ဦးကျောက်တော်လမ်းများပြီးစီး၍ ရန်ကုန်သို့ကုန်းလမ်းခရီးပေါက်ပြီဟူသော သတင်းကြားရသော်လည်း မည်ကဲ့သို့သောလမ်းမျိုး မည်မျှကောင်းမွန်သော လမ်းမျိုးဆိုတာတော့ မသိပါ 

ကျနော်ရှိစဉ်တုံးကတော့ အနီးအနားရွာတွေရွှေ့ပြောင်း ရွာသစ်တွေတည်၊ 
ရွာတွေက လူသုံးဆယ်လောက်စီနဲ့ လမ်းပခုံးတွေလမ်းအူကြောတွေ မြေဖို့
လုပ်အားပေးခိုင်းနဲ့၊..... 

ကျနော်တို့ တက္ကသိုလ်မတက်ခင်နဲ့ တက်ခါစ ကာလတွေမှာ 
ကြားဖူးခဲ့ ကြုံဖူးခဲ့ "လုပ်အားပေး" ဆိုတဲ့စကားလုံးဟာ 
အစိုးရရဲ့ Propaganda အစီအစဉ်ဘဲပြောပြော ဘာဘဲပြောပြော 


တက္ကသိုလ်ကျောင်းသူ/သားတွေ ဆရာ/ဆရာမတွေနဲ့ ဒေသခံဆရာ/ဆရာမတွေ ကျောင်းသားတွေ ရဲ့ 
အသုံးလုံး လုပ်အားပေးအစီအစဉ်ကနေ အောင်မြင်စွာစလိုက်တဲ့
အင်မတန် ကြည်နူးဘွယ်ကောင်းခဲ့တဲ့ program တစ်ခုဖြစ်ခဲ့ပြီး၊...... 

မနားတမ်း ဆက်သွားလိုက်ရတာကတော့ 
ဆည်ကြီးတွေမြောက်မြားစွာ၊ လမ်းတည်ဆောက်ရေးမြောက်မြားစွာ၊ 
ရပ်ကွက် မြို့နယ် ကျေးရွာမကျန် ပေးလိုက် လုပ်လိုက်ကြရတဲ့ ကမ္ဘာ့ ချံပီယံ မာရသွန် လုပ်အားပေးဖြစ်သွားရသလို၊ 

လူပါငှားပြီး ဝယ်ပေး ရတဲ့ လုပ်အားဝယ်ပေး အဆင့်ထိရောက်သွားတာမို့ ကျနော့်ဘဝ ရဲ့ အံသြဘွယ် အတွေ့အကြုံတစ်ခုအဖြစ် ဘဝမှတ်တမ်းတင်ခဲ့ဘူးပါတယ်။ 
ဆည်တွေကောင်း လျှပ်စစ်မီးဘယ်လောက်ရလာမယ်၊ လမ်းတွေပြီးလို့ လမ်းပန်းဆက်သွယ်ရေးဘယ်လောက်ကောင်းလာတယ်ဆိုတာတော့မပြောတတ်ပေမယ့်၊ ယခုအချိန်ထိတော့ မီတာခကကြီးမြဲ လျှပ်စစ်ကတော့ မှိတ်တုတ်မှိတ်တုတ်လင်းဆဲ၊ လမ်းပန်းဆက်သွယ်ရေးကလဲ ရန်ကုန်မြို့တင် မီးတိုင် တစ်တိုင် နှင့် တစ်တိုင် တစ်နာရီလောက်ကြာနေဆဲပေမယ့် လုပ်အားပေးကို အုပ်ချုပ် ဆည်တကာဆောက် လမ်းတစ်ကာဖေါက်ခဲ့ကြတဲ့ ဘဘတို့ ကိုကို တို့ ဘော် ဘော်တို့တစ်တွေကတော့ မင်းဒမ ထက်သာတဲ့နေရာမျိုးမှာ ထီးလို နန်းလို နေနိုင်ကြဆိုပဲ၊

စကားပြန်ကောက်ရရင်တော့ 1990~92 ကာလ လောက် မှာ အစိုးရကလဲ စစ်အစိုးရ ဆိုတော့ကာ တပ်ရင်းတွေအများကြီး တောရောမြို့ပါ အသစ်ဖွဲ့တယ်ခင်ဗျ၊ ကျနော်တို့ စစ်တွေမြို့မှာလဲ နပခ စစ်တိုင်းမှူးလက်အောက်မှာ တပ်ရင်းတွေ အများကြီးထပ်ဖွဲ့တာတွေ့ရတယ်။ အဲဒီမတိုင်ခင် နကိုယ်က စစ်တွေမြို့အထွက် စစ်တွေ- ပါဒလိတ် သွားကားလမ်း တစ်လျောက်ရှိတဲ့တပ်တွေကတော့ အမှတ် ၁၉ ထောက်လှမ်းရေးတပ်၊ ခလရ(၂၀) တပ်ရင်း၊ ဆေးတပ်ဆွယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တို့ကို ကားလမ်းဘေး ဝဲယာတစ်လျောက်ချထားတာဟာဆိုရင် ကြက်ကိုင်းတန်ကျေးရွာအလွန် ၊ နာရီကန် ကျေးရွာ မတိုင်ခင်မှာဆုံးပါတယ်၊ 

တပ်ရင်းအသစ်တွေ အများကြီးချလာတော့ခြေလျင်တပ်ရင်းတွေ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွေ အများကြီး လမ်းဘေးဝဲယာချလိုက်တာဟာ ပါဒလိတ်ကျေးရွာ အထိရောက်ရှိလာပြီး၊ ကျေးရွာသားအချို့ နှစ်ချို့စိုက်ပျိုးထားတဲ့ ဥယျာဉ်မြေတွေ လယ်မြေတွေအချို့ တပ်သိမ်းမြေတွေ ဖြစ်သွားကြရပါတယ်။ ပါဒလိတ်ကျေးရွာတွင်မူ တပ်သားလေ့ကျင့်ရေးးသင်တန်းကျောင်း တစ်ခု တည်ထားတာကိုတွေ့ရပြီး သင်တန်းသားကလေးများ၏ ပါဒလိတ် အမြင့်ကျွန်းကျေးရွာ သွားလမ်းတစ်ဖက်တစ်ချက်တို့တွင် စစ်လေ့ကျင့်ခန်းဆင်းသေည်များကိုအမြဲမြင်တွေ့ရကာ တခါတရံ အမြင့်ကျွန်းကျေးရွာထဲထိဝင်လာပြီး အဖွဲ့ငယ်လိုက် တဖွဲ့နှင့်တစ်ဖွဲ့ စခန်းသိမ်းးသကဲ့သို့ လေ့ကျင့်ရေးဆင်းကြသည်များကိုလည်း တွေ့မြင်နေကျ ဖြစ်ခဲ့ရပါသည်။။ တပ်ရင်းများ၊ တပ်ရုံးများ၊ စစ်တန်းလျားများ၊ လေ့ကျင့်ရေးကျောင်းများမှာမူ အဆင်သင့်မရှိသေး၍၊ ယာယီတဲ ဓနိမိုး ဝါးကာ အဆောက်အဦးများဖြစ်ကြ၍ တစ်ချို့က ဘုန်းကြီးကျောင်းဝင်းထဲ ယာယီနေထိုင်ကြသလို အခိုင်အခန့်အုတ်အဆောက်အဦးးများကိုလည်း မိမိတို့ တပ်တွင်းလုပ်အားဖြင့် စတင်ဆောက်လုပ်နေကြသည်ကို ကျောင်းသွားလမ်း တလျောက်တွေ့မြင်ခဲ့ကြရပါသည်။
နေ့စဉ် ကျောင်း ferry ဖြင့် လာရသော ကျနော်တို့ စစ်တွေမြို့ပေါ်မှ အမြင့်ကျွန်းကျေးရွာသို့ တာဝန်ကျ ဆရာ/ဆရာမ များသည် မိုးရွာနေပူမရှောင် ကျောင်းရှိရာ အမြင့်ကျွန်းကျေးရွာနှင့် ကျောင်းကားဂိတ်ဆုံးရာ ပါဒလိတ်ကျေးရွာအကြား နှစ်မိုင်ခွဲသုံးမိုင်ခရီးကို နေပူမိုးရွာ မရှောင် စကားတစ်ပြောပြော ပုံပြင် တစ်ပြောပြော၊ မိုသည်းလေသည်းထဲတွင်ဆိုလျင် ထီးတစ်ဖက်လုံချည်ကတစ်ဖက်ထိမ်းနဲ့ တစ်ဦးကိုတစ်ဦး မကြည့်နိုင်အား ရုန်းခဲ့ကြရသလို၊လမ်းတာရိုးရေတိုက်စားသွားလို့ လှေနဲ့ကူးခဲ့ကြရ၊ ယာယီဝါးလုံး ဂွခံ တံတားရှည်ပေါ်မှာလဲ  ကြိုးတန်းလျောက်သလိုလျောက်ခဲ့ဖူးပါသည်။

 ရာသီဥတုသာယာတဲ့  ဆောင်းမနက်/ညနေခင်းတွေမှာလေတအေးအေးနဲ့ ရှုခင်းလေး တလှလှနဲ့ ကျောင်းသွား စာပြခဲ့ကြရတာလဲ ဘဝတစ်ကွေ့က အမှတ်ရစရာ ပြဇါတ်တိုလေးတွေပါဘဲ၊၊
ဤနေ့စဉ်မြင်ကွင်းများထဲမှာမှ ကျနော် အလွန်အံ့သြခဲ့ရသော မြင်ကွင်းတခုကတော့ လူလှည်းဟုပြောရတော့မှာလား ဘယ်လိုပြောပြရမလဲ မစဉ်းစားတတ်သည့်လှည်းပါဘဲ။ လူဆွဲသည့် လံချားကတော့ စီးမယ့််ခရီးသည်တစ်ယောက်တင်ပြီး လူက မဆွဲ သွားတဲ့ လှည်းတစ်မျိုးဆိုတာသိပြီးကြမှာပါ။ အခုဟာကတော့ အဲလိုမဟုတ်ဘူးဗျ၊ 
 လူအယောက်တစ်ဆယ်ကျော်လောက်က နွားတတ်မထားတဲ့လှည်းကို အုတ်ခဲတွေအပြည့်တင်ပြီးရုန်းနေကြတာ ကတော့ ကျနော့်ဘဝမှာ မမေ့နိုင်ဆုံးမြင်ကွင်းဘဲ၊ ဘယ်သူတွေလဲလို့ မမေးပါနဲ့ ကျေးရွာသားတွေမဟုတ်ကြဘူးလို့ဘဲပြောချင်တယ်၊ အမေအဖေတွေက လူအဖြစ်မွေးပေးခဲ့ကြပေမယ့် သံသရာဝဋ်ကြွေးလို့ဘဲ အပြစ်တင်ရမလား ၂၁ရာစုလူဖြစ်ပြီးမှ နွားနေရာ ဝင်ထမ်းကြရတာ ခေတ်ကြောင့်လား၊ စံနစ်ကြောင့်လား လူကြောင့်လား လုပ်နေကျကြောင့်လား တမင် အကြောသပ်ချင်လို့လားတော့ မစဉ်းစားတတ်တော့ပါဘူး၊ မမြင်ချင်ပေမယ့်မြင်ခဲ့ကြရပါတယ်။

ကျနော်ပြောရမယ့် ဘကြီးသင်းဇါတ်လမ်းက အခုမှစစ်တွေကနေ အမြင့်ကျွန်းသွားတုန်းမို့ မရောက်နိုင်သေး ခဏသီးခံစောင့်ပေးကြပါအုံးခင်ဗျ၊
ကျောင်းကြိုပို့ဆိုလို့ အလကားတော့ မဟုတ်ဘူးခင်ဗျ 
အစိုးရဈေးနဲ့ဓါတ်ဆီဆိုင်က ဓါတ်ဆီထုတ်ပေးတယ်၊ 
ဆရာ/ဆရာမတွေဆီက လစာ သုံးရာကျော်လေးထဲက 
ကားခ ၅၀ကျပ်ပေးရတဲ့ ကြို့ပို့သီးသန့်် ကားလိုင်းအစည်းအရုံးက အလှည့်ကျ တာဝန်ပေးထားပေမယ့် ခရီးသည်ကြုံသလို ဖျစ်ညှစ်ပြီးတင် အပိုဝင်ငွေရှာကြတဲ့ ဟိုင်းလက်အမြန်ယာဉ်ကားတွေပါဘဲ။။

ကားဂိတ်ဆုံးတဲ့ ပါဒလိတ်ကျေးရွာကားလမ်းမ ဘေးမှာတွင်ဘဲ UNESCO ကကူညီဆောက်လှူထားတဲ့  အုတ်နံရံကာ၊ သွပ်မိုး၊တစ်ထပ်အဆောက်အဦးနှစ်လုံးနဲ့အတူ ရေလောင်းအိမ်သာပါလေးလုံးပါတဲ့ အသစ်ကျပ်ချွတ်အထက်ကျောင်းရှိတယ်ခင်ဗျ ဖွင့်တာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်၊ ဒီ ပါဒလိပ်ဆိုတဲ့ရွာက ကျောက်တန်းတံတား မထိုးခင်က စစ်တွေနဲ့ ကားလမ်းမပေါက်သေးလို့ အမြင့်ကျွန်းကျေးရွာလောက် မစည်ပင် မကြီးဘူးဗျ။။ အမြင့််ကျွန်းကျေးရွာကတော့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် သဘောင်္တွေ အမြဲအသွားအပြန်ဆိုက်တာမို့ မြို့နဲ့အဆက်အသွယ်ကောင်းကာစည်ကားပြီးဟိုတုန်းကထဲက မူလတန်းကျောင်းရှိပြီး စစ်တွေလေမုန်တိုင်းတိုက်ခံရတဲ့ 1975 မုန်တိုင်းအပြီးမှာ အလယ်ကျောင်းအဖြစ်တိုးမြင့်ခံရပြီး ခြေတံမြင့် အုတ်ဖိနပ်ခံ ပျဉ်ကာသွပ်ဆောင်လေး နှစ်ဆောင်နဲ့ အုတ်ခံမြေညီသွပ်မိုးတစ်ဆောင်ကို အဲဒီနှစ်ကရရှိခဲ့ပေမယ့်် ၁၉၉၁ လောက်မှာတော့ တိုင်အောက်ခြေတွေဆွေး တွဲလွဲ တစ်ချို့ကြမ်းခင်းတွေကလဲ ပေါက်ပြဲလို့ ကွမ်းသီးပင်ပြားတွေ နဲ့ ဖါထည်းထားကြရပြီး၊ မိုးတွင်းဆိုရင်တော့ မိုးယိုတဲ့နေရာကနေကြမ်းပြင်ကဆွေးပေါ့ဗျာ၊ကျနော်တို့ဆရာဆရာမတွေနားနေခန်းဆိုတာသီးသန်းမရှိဘူး၊ တစ်ထပ်ဆောင်ရဲ့ရှေ့ ခေါင်မိုးအဖီအောက်မှာ bench ကလေးချထားပြီး ရွာဝင်လမ်းလေးမျက်နှာပြု တန်းစီထိုင်နေကြရတာ။

အဲလို ဒီနယ်တစ်ဝိုက်မှာ အလယ်တန်းကျောင်းနဲ့ သဘောင်္လမ်းဆုံကျေးရွာလဲဖြစ် လယ်ပိုင်ယာပိုင်အကြီးဆုံးရွာကလဲဖြစ် အနီးနားရွာကကျောင်းသားတွေ အလယ်တန်းထိ ဒီရွာမှာလာတက်ရ တဲ့အပြင် သမတဟောင်း ဦးစိန်လွင်(ဦးနေဝင်းရဲ့ အခါတော်ပေးလို့လဲပြောကြတာကြားဖူးရဲ့ ဟုတ်မဟုတ်တော့မသိပါ) နိုင်ငံတော်ကောင်စီအတွင်းရေးမှူးဘဝနဲ့ စစ်တွေ အမြင့်ကျွန်း ပုဏ္ဏားကျွန်း မြောက်ဦးကျောက်တော် ဒီလမ်းအတိုင်း လာရောက်ကြည့်ရှု့ခဲ့ပြီး(ယတြာ လာချေတာလို့လဲ ရွာခံတစ်ချို့က ပြန်ပြောပေမယ့် ဟုတ်မဟုတ်တော့လဲမသိပါဘူး) ဒီအမြင့်ကွန်းကျေးရွာမှာ ခဏနားတဲ့အချိန် လတ်လတ်ဆတ်ဆတ် အုန်းရည်သောက်ချင်တယ်ဆိုလို့ ခူးပြီး ဧည့်ခံဘူးကြပါတယ်လို့ ကြားခဲ့ဘူးပါတယ်၊
ပြောချင်တာက ဒီနယ်တစ်ဝိုက်ထင်ရှားခဲ့တဲ့ ဒီရွာကြီးဟာ    

ဟော ပါဒလိတ်ကျေးရွာကို ကားလမ်းဖေါက်....UNESCO က အထက်တန်းကျောင်းပါလှူလိုက်တဲ့အခါကျတော့ ဒီအနီးအနားကရွာတွေလူတွေဟာ စစ်တွေမြို့ပေါ်ကို ခရီးသည်တင်လိုင်းကား တိုက်ရိုက်ရောက်ပြီး အထက်တန်းကျောင်းသစ်ကြီးလည်းရှိတဲ့ ပါဒလိတ်ကို ပိုအားကိုး အရောက်အပေါက်ရှိလာကြတာမို့ ကားလမ်းကောင်းကောင်းမပေါက်သေးတဲ့ ခရီးသည်တင်ကားလိုင်း မဆွဲသေးတဲ့ အမြင့်ကျွန်းကျေးရွာဟာ ပါဒလိပ်ရွာနဲ့နှိင်းယင် ချောင်ထဲက ရွာလို ဘဝရောက်သွားရတာမို့ အမြင့်ကျွန်းရွာသူရွာသားတွေအဖို့ အလယ်တန်းကျောင်းလဲ နဂိုလ်ရှိပြီးဖြစ်၍နဲ့ အထက်တန်းကျောင်း post မပေးဘဲ၊ ပါဒလိပ်ကျေးရွာ ပေးလိုက်တာဟာ စိတ်ဘဝင်မကျစရာတစ်ခုဖြစ်ခဲ့ရပါတယ်။ 

ဒီအချိန်မှာပဲ စစ်တပ်ရင်းတွေနဲ့ သင်တန်းကျောင်းတွေ ဒီနယ်တစ်ဝိုက် ကားလမ်းဝဲယာ အမြင့်ကျွန်းကျေးရွာနားထိ အခြေစိုက်လာတဲ့အခါမှာ စစ်တပ် မိသားစုဝင်တွေ အတွက်ပါ ဒီကျောင်းနှစ်ကျောင်းက အရေးပါလာပြီး ဒီကျေးရွာတွေနဲ့ လမ်ပန်းဆက်သွယ်ရေးကပါ မဟာဗျူဟာကျလာသည်မို့ တပ်ရင်းမှူးများ လူကြီးများ လာာရောက်ကြည့်ရှု့စစ်ဆေးမူတွေ မကြာခဏရှိလာပါတယ်။

တစ်ရက်မှာတော့ ဆရာဇော်ဂျီရဲ့ ဘကြီးအောင်ညာတယ်ဇါတ်လမ်းထဲကလို၊ မောင်ချစ် ကလေးကံကောင်းဖို့လား ကံဆိုးဖို့လားတော့မသိဘူး။ လူကြီးတွေရောက်ရှိလာပါတယ် ပြည်နယ်အဆင့်အရာရှိကြီးတွေနဲ့အတူတူ နပခတိုင်းမှူးကြီး ဦးဆောင်ပြီး အမြင့်ကျွန်းကျေးရွာထဲ ရောက်ရှိလာရာ ကျနော်တို့ရဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ကျောင်းတော်ကြီးသို့လဲ ဝင်ရောက်စစ်ဆေးပါတော့တယ်၊ 
ကျနော်တို့ နပခ တိုင်းမှူးကြီးက လူကောင်ထွားထွားကြီးကြီးဗျ၊ ကျနော်တို့ကျောင်းကခနော်နိခနော့်နဲ့ဗျ၊
အဲဒီတော့ တိုင်းမှူးကြီးလဲ ၅ဆင့်သာရှိတဲ့လှေကထစ်ပေါ်တက် ဆရာ/ဆရာမတွေကလဲ ရင်တစ်ခုံခုံ ကျနော်တို့ကျောင်းအုပ်ကြီးကလဲ စိတ်လှုပ်ရှားစွာနဲ့ကြည့်နေရတာပေါ့ဗျာ၊ တော်ပါသေးတယ်ဗျာ 
ပျဉ်ပြား အစားထိုးထားတဲ့ ကွမ်းသီးပင် ပင်စည်ပြားတွေက ခိုင်တယ် ခင်ဗျ လှုပ်ရုံဘဲလှုပ်တယ် မကျိုးဘူးဗျ (စကာင်္ပူကို အမြင့်ကျွန်းကျေးရွာထွက် ကွမ်းသစ် Export အဆင်ပြေရင် လုပ်မယ်တောင်စဉ်းစားထားတယ်၊) ဒီတော့တိုင်းမှူးကြီးက နောက်ကပါလာတဲ့ တိုင်းဆောက်လုပ်ရေးက အင်ဂျင်နီယာမှူးကြီးကို

ဒါလေးပြင်ရင်ရမလား လှမ်းမေးတော့......
အင်ဂျင်နီယာမှူးကြီးက ရပါတယ်......တိုင်းမှူးတဲ့။.
တခါ ကျောင်းတိုင် တစ်ချို့ အရင်းကဆွေးပြီး အောက်ခြေအုတ်ခုံနဲ့လွတ်နေတာတွေ့တော့
အင်ဂျင်နီယာမှူးကြီး ဒါကော ပြင်လို့ရမလားဗျ.....
ရပါတယ်တိုင်းမှူးနဲ့
မေးလာလိုက်တာ။တိုင်းမှူးကြီးက မေးတိုင်း
အင်ဂျင်နီယာမှူးကြီးကလဲ ရပါတယ်ချည်းဘဲနဲ့ဖြေလာတာ
နောက်ဆုံး တိုင်းမှူးကြီးကဘဲ ပြင်ရင်ရမလားမေးရမှာ ညောင်းလာလို့နဲ့တူပါရဲ့၊
အသစ်ပြန်ဆောက်ရင်ကောရမလား အင်ဂျင်နီယာမှူးကြီးဆိုတော့ ဒါလဲရတာပေါ့ခင်ဗျတဲ့။ (အဆောက်အဦးအသစ်ဆောက်ဖို့ စာမသင်ခဲ့ရဘူးတဲ့ အင်ဂျင်နီယာကြီးထင်နေလားမသိဘူး မေးရက်လိုက်တာ)

ဒီအသံလေးကြားလိုက်ရတော့ ရွာလူကြီးအချို့၊ ရွာခံဆရာတွေနဲ့ ကျောင်းအုပ်ကြီးတို့ အားလုံး တပြုံးပြုံးပေါ့ဗျာ....ကျောင်းသစ်ကြီးတော့ရ ရချည်သေးရဲ့ပေါ့၊
အဲဒီမှာ တိုင်းမှူးကြီးက ကဲ အမြင့်ကျွန်းကျေးရွာ ပညာရေးအတွက် ဒီအလယ်တန်းကျောင်းကို အသစ်ပြန်ဆောက်ပေးမယ် ပါဒလိတ်ကျေးရွာက ကျောင်းဆောင်မျိုးနှစ်ဆောင် အိမ်သာတွေပါ ပါမယ် တစ်ဆောင်စီနဲ့အိမ်သာ ၁၆သိန်း နှစ်ဆောင်တွဲ ၃၂သိန်းတန်ကြီးပေးသွားပါတယ် ခင်ဗျာ၊ 
လိုအပ်တဲ့စာရွက်စာတန်းတွေကို နပခ တိုင်းရုံးက အရာရှိတစ်ယောက်နဲ့ ဆက်သွယ်လုပ်ဆောင်ဖို့ သူ့အရာရှိတွေမှတစ်ဆင့်ပြောကြားကာ လိုအပ်သည်များကို လမ်းညွှန်ပြီး ပြန်ကြွသွားပါတယ်ခင်ဗျာ။

 နောက်နေ့လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာရဲ့အလယ်ပြည်တွင်းသတင်းစာမျက်နှာမှာ နပခတိုင်းမှူးကြီးxxx အမြင့်ကျွန်းကျေးရွာသို့ သွားရောက်ကြည့်ရှု့၊ အလယ်တန်းကျောင်းအတွက် ကျောင်းဆောက်သစ် နှစ်ဆောင် ကာလတန်ဘိုး ၃၂သိန်းဘိုး နိုင်ငံတော်မှ တည်ဆာက်ပေးရန် စီစဉ်ညွှန်ကြားကာ လိုအပ်သည်များကိုလမ်းညွှန်၍ xxx အချိန်ပြန်လည်ထွက်ခွာလာခဲ့ ဆိုတဲ့သတင်းမျိုး ၁၉၉၂ လောက်တုန်းကပါရှိခဲ့သည်ကို ဖတ်ရှုမိသူများ သိကြပါလိမ့်မည်။

ဒီမှာတင် ဘကြီးသင်းဇါတ်လမ်း နဲ့ first-class ဇါတ်လမ်းလဲစတာပါဘဲ၊ စာဖတ်သူပရိတ်သတ်များ ဘကြီးအောင်ညာတယ်ဆိုတဲ့ဆရာဇော်ဂျီရဲ့ ဝတ္ထုတိုနဲ့ ဖက်စ်ကလက်စ်(first-class)ဆိုတဲ့ရုပ်ရှင်တို့ကိုကြားဖူးကြမှာပါ၊ ယခုဖေါ်ပြပါအကြောင်းကတော့ ဒီနှစ်ခုပေါင်းထားတာပြောရမှာထင်ပါရဲ့၊

ဒီနေရာမှာ တိုင်းမှူးကြီးလို့ခဏခဏရေးရမှာ ထောက်ထောက်နေလို့ စာသံပေသံလေးလဲပါအောင်  ပြီးတော့ ဘကြီးအရွယ်မို့ ဒီနေရာက စပြီး 
ဘကြီးသင်း လို့ရေးခွင့်ပေးပါ။

အမှန်ဆိုရင် ဘကြီးသင်းမှာ ဘာအမှားမှမရှိပါဘူး။ စေတနာအပြည့်နဲ့ ကျောင်းကြီးခနော်ခနဲ့မို့ အသစ်ဆောက်ရအောင် သိန်း သုံးဆယ်ကျော်တန်ကြီး 
တစ်ထိုင်ထဲ ဆုံးဖြတ်ပေးသွားတာပါ။
အင်းခက်တာက ကျနော်တို့ကျောင်းက သူငယ်တန်းကနေ လေးတန်းထိ တစ်တန်းကိုလေးဆယ်ကျော်လောက်ရှိကြပြီး၊ ငါးတန်းကျတော့ သုံးဆယ်လောက် ၊ခြောက်တန်းကျတော့ နှစ်ဆယ်ကျော်၊ ခုနှစ်တန်းကျတော့ နှစ်ဆယ်မပြည့်တစ်ပြည့် ရှစ်တန်းကျတော့ တစ်ဆယ်ကျော်ရုံလေးသာရှိကြပြီး ပိုက်ဆံတတ်နိုင်တဲ့ မိသားစုတွေက သားသမီးတွေအတန်းကြီးလာရင် မြို့ပေါ်ပို့သင်ကြတာမို့ စုစုပေါင်းမှ ကျောင်းသားသုံးရာလောက်ရှိကြကာ အများစုက၊ လယ်သမား၊ ယာသမား၊ တာသမား၊ ငါးရှာ ငါးရောင်းသမားတွေ အခြေခံလူတန်းစားသားသမီးတွေများကြပါတယ်၊ တချို့ဆို အဖေအမေ တာထဲ ယာထဲ တစ်နေကုန်ရောက်နေလို့ အိမ်မှာ မောင်နှမတွေစားဖို့၊ ကျောင်းမလာဘဲ၊ ပုဇွန်သွားစမ်းတာ ကဏန်းတွင်းနဲ့မှားနှိုက်မိလို့ နောက်တစ်နေ့မှာ မှ ဖူးယောင်နေတဲ့လက်မကြီးနဲ့ကျောင်းတက်လာတဲ့ ခုနှစ်တန်းကျောင်းသားတစ်ပည့်လေးတစ်ယောက်ကို ကျောင်းဆရာဘဝ ခဏလေးမှာ ဒီရွာ ဒီကျောင်းကလေးမှာ  ကြုံခဲ့ဖူးပါတယ်၊

ဒီလိုအခြေခံလူတန်းစားတွေပေါတဲ့ရွာကလေးက ဒီကျောင်းကလေးမှာ မိဘဆရာအသင်းရံပုံငွေဆိုတာ ၁၅၀၀ လောက်ဘဲရှိပါတယ်။ အဲဒါတွေဟာများသောအားဖြင့် ကျောင်းနှစ်ပတ်လည်မိဘဆရာအသင်းအစည်းအဝေးနဲ့ ပညာရည်ချွန်ဆုပေးပွဲတို့၊ ကျောင်းကထိန်တို့၊ ဝါဦးလပြည့် ကျောင်းတရားပွဲတို့လို ဟာမျိုးတွေ အတွက် သာသုံးစွဲလေ့ရှိပါတယ်၊ အစိုးရနဲ့ဆိုင်တဲ့ရုံးကိစ္စ အတွက်သုံးလေ့မရှိပါဘူး။ ဒါပေမယ့်လဲ ၃၂သိန်းတန် ကျောင်းပြူးပြူးကြီးမျက်စိထဲမြင်နေကြရပြန်တော့လဲ ရှိတာလေးထုခွဲတန်ထုခွဲရတော့မှာပေါ့၊ ဒါပေမယ့် စာဖတ်သူများစဉ်းစားကြည့်ကြပါ ဒီပိုက်ဆံတွေဆိုတာ ဘယ်လိုမိဘမျိုးတွေရဲ့လက်နဲ့လုပ်လို့ရထားတဲ့ငွေထဲက ကောက်ခံထားရတယ်ဆိုတာ။

ဘကြီးသင်းက သိန်း သုံးဆယ်ကျော်တန်ကျောင်းကြီးကတော့ပေးသွားပါရဲ့၊ အဲဒီကျောင်းအတွက် ပညာရေးဝန်ကြီးဌာန Budget ကျလာဖို့က စစ်တိုင်းရုံး(ပညာရေးတိုင်းရုံးမဟုတ်ပါ) အရာရှိကတစ်ဆင့် လိုအပ်တဲ့စာရွက်စာတန်းတင်ရမှာမို့ နပခတိုင်းရုံး သက်ဆိုင်ရာ အရာရှိကိုသွားမေးတော့ BQ(Building Quantity),BP(Blue Print) တွေဆွဲတင်ရပါမယ်တဲ့။ 

တို့ဆရာကြီးက ဘယ်ဆွဲတတ်မှာတုန်း အင်ဂျင်နီယာမှမဟုတ်တာ ဆောက်လုပ်ရေးရုံးပြေးမေးရတာပေါ့ ၊ ဆောက်လုပ်ရုံးကလဲ အင်ဂျင်နီယာ တစ်ယောက်နဲ့အပ်ပေးမယ် ကုန်ကျသလောက်ပေးဆောင်ရမယ်ပေါ့ဗျာ၊ ရေလဲလောင်းပေါ့ဗျာ။
အဲဒါနဲ့စကားမစပ် အဲဒီတုံးက အစိုးကျောင်းတွေအဆောက်အဦးတွေကို မဆလ ခေတ်လို အစိုးရ ဆောက်လုပ်ရေးလုပ်ငန်းဌာနက တာဝန်ယူမဆောက်တော့ဘဲ ကန်ထရိုက်စံနစ်ပေး ဆောက်နေတဲ့ ခေတ် ဖြစ်နေပြီဗျ၊
ကျောင်း Budget ကျလာရင် Tender ခေါ် ကန်ထရိုက်ပေးပေါ့ဗျာ၊

ဒီတော့ နိုင်ငံတော် Budget မကျခင် ဟိုရုံးပြေး ဒီရုံးပြေး စာရွက်စာတန်းတွေပြင်ဆင်၊ လျောက်ထားနဲ့ ပိုက်ဆံကုန်တာမို့ ဆရာကြီးခမျာမှ အိတ်ထဲကလဲ အကုန်ထုတ်မစိုက်နိုင်တော့ မိဘဆရာရံပုံငွေသုံးခွင့်ပြုဖို့ ရွာခံဆရာတွေနဲ့ကျောင်းသားမိဘတွေကို သဘောထားတောင်းရပါတယ်၊

 ကျောင်းကြီးအသစ်ရမှာဆိုတော့ ရွာကလဲ ဘယ်အပြောကောင်းမလဲရှိတာလေးသုံးလိုက်ပါပေါ့။
သုံးခွင့်လေးရလို့ ကျောင်းကြီးမြန်မြန် သူ့လက်ထက်မှာ ဆောက်ခွင့်လေးရပါစေကြောင်းကြိုးစားလိုက်တာ စာရွက်စာတန်းကိစ္စတွေလည်းပြီးစီး မိဘဆရာရံပုံငွေလဲ လုံးပါးပါးပေါ့ဗျာ။

Budget ရာသီတစ်နှစ်သာကုန်သွားတယ် စာကကျမလာလို့စုံစမ်းတော့၊ မိထ္ထိလာမီးဘေးဆိုလား/တောင်တွင်းကြီးမီးဘေးဆိုလား အဲဒီမှာ ကျောင်းတွေပါသွားလို့အရေးပေါ်မို့ ကျောင်း Budget အဲဒီကို ဦးစားပေးလိုက်ရတယ်ဆိုဘဲ၊
 နောက်တစ်ရာသီ Budget လဲကုန်ဆုံးသွားပြန်ရော
 တောင်ကုတ်လေဘေးမှာ ပါသွားတဲ့ကျောင်းဦးစားပေးလိုက်ရလို့တဲ့ခင်ဗျာ၊ 

ဒီလိုနဲ့ ဆရာကြီးဦးမောင်ချစ်နဲ့ ရွာသားတွေမှာ ဘကြီးသင်းပေးခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေး..... Sorry sorry မှားသွားလို့ပါခင်ဗျား အိမ်သာတွဲလေးနဲ့ ကျောင်းကြီးနှစ်ဆောင်ကို မျှော်လင့်ရင်း ၁၉၉၄ မှာ ကျနော် နိုင်ငံခြားကိုထွက်လာခဲ့ပေမယ့်လို့ 

 ဘကြီးသင်း  ပေးမယ်ဆိုခဲ့တဲ့ ကျောင်းတော်ကြီးကို ဆရာကြီးဦးမောင်ချစ်နဲ့ အမြင့်ကျွန်းရွာသူရွာသားတွေဟာ အငြိမ်းယူတဲ့အထိစောင့်မျှော်နေကြောင်း ၁၉၉၈ ထိသတင်းရခဲ့ပေမယ့်၊ 

အဲဒီနောက်ပိုင်း အိပ်မက်ထဲက ကျောင်းတော်ကြီး ပြီးသွားပြီလားဆိုတာကိုတော့ ပရိတ်သတ်များထဲက သိတဲ့သူများရှိရင် အသိပေးစေချင်ပါတယ်။

ကျနော်ကိုယ်တွေ့အဖြစ်ကလေးပါ လူနံမည် အမှန်မရေးထားပေမယ့် ဒေသနေရာ အမှန်တွေမို့ ပါတ်သက်ခဲ့သူများကတော့ ဘယ်သူ့ကိုညွှန်းတယ်ဆိုတာသိကြမှာပါ။

 ရေးရတဲ့ရည်ရွယ်ချက်က တော့ ပါဝင်ကပြခဲ့သူတွေမှာ အာလုံးစိတ်စေတနာ အပြည့်နဲ့ အကောင်းဆုံးကို လုပ်ခဲ့ကြခြင်းဖြစ်မှာပါ၊ competition လုပ်ခွင့်မပေးထားတဲ့  အဖွဲ့အစည်းတစ်ခုထဲက ဗဟိုဦးစီးစံနစ်နဲ့ ချုပ်ကိုင်လုပ်ဆောင်မှုကြောင့်ရယ် တိုင်းပြည်ရဲ့စီမံကိန်းတွေနဲ့ပေါ်လစီတွေကို Competition ရှိတဲ့ System အောက်ကပေါက်ဖွါးလာတဲ့ အသိပညာရှင်အတတ်ပညာရှင်တို့ရဲ့အကူအညီအကြံအဥဏ် ကိုရယူပြီး ဝန်ကြီးဌာနအလိုက် ဖြစ်သင့်သော Budget ခွဲဝေ မှု နှင့် မလုပ်ဆောင်ခဲ့မှုများကြောင့် ဂတိကဝတ်များပျက်သုန်းခဲ့ရသည်ယူဆပါသည်။

နောက်တစ်ခုပြောလိုသည်မှာ ဤကဲ့သို့ သေးသေးမွှားမွှားမဟုတ်သည့် ကျောက်ဖြူရွှေဂတ်စ် စီမံကိန်းမတိုင်မှီအထိ  ရခိုင်သူရခိုင်သားများ လျှပ်စစ်မီးအတွက်မျှော်လင့်ခဲ့ကြသည့် စိုင်းဒင်စီမံကိန်းသည်လည်း ဖဆပလ ခေတ်နှင့်  လောပီတစီမံကိန်း မတိုင်မှီထဲကနေ နဝတ လက်ထက်ထိ လုပ်တော့မည်ဟု သတင်းစာရှေ့မျက်နာ စာလုံးမဲကြီးနှင့်ပါလိုက် ပြန်ပျက်သွားတာလူမသိလိုက်နဲ့၊ အဲဒါကို မသိသည့် တခြားပြည်နယ်က သတင်းစာအမြဲဖတ်သည့်လူဆိုလျင် စိုင်းဒင်ကို သုံးခုတောင် ရခိုင်ပြည်အတွက်ဆောက်ပေးပြီးပြီ၊ ငါတို့ကျ ယခုထိတစ်ခုမှမဆောက်ပေးသေး ဟုထင်နေပါလိမ့်မည်။
ဤသို့ပင် ကျနော်တို့ပြည်နယ်မှလူများကလည်း သတင်းစာတွေဖတ်ပြီး သူများတိုင်းနဲ့ပြည်နယ်များတွေများ ပေးထားလိုက်တဲ့စီမံကိန်း အခုလောက်ဆိုပြီးရောပေါ့ထင်လောက်တဲ့ 
ဘကြီးအောင် တို့က မောင်ချစ်တောင်မက တစ်ပြည်လုံးညာမှန်းမသိ ညာမိတဲ့အဖြစ်မျိုး Social Media ခေတ်မှာ မဖြစ်ကြ မလုပ်မိကြပါစေကြောင်း မျှော်လင့်လျက်။
TAT86 Bumi 
20-2-2014, 22:00hr

No comments:

Post a Comment