စိတ်ရွက်လွင့်ရာ-ရက္ခိတ စာမျက်နှာ(TAT၈၆Bumi)

Sunday, July 20, 2014

တစ်ထောင်တန် ချွေးသိပ်မှု


သမိုင်းတရားခံ ဘုရားတစ်ကာ နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင်ဟောင်း အပြောကောင်းတဲ့ senior ရွှေမန်း သို့မဟုတ် ဦးနု ခေါ် တစ်ချိန်တုန်းက ကိုကြီးနု(ကျနော့အရွယ်ရဆို အဘိုးနု ပေါ့ဗျာ)၏ တိုင်းပြည်အားထိုးကျွေးခဲ့မှု

နှင့် ရဲဘော်သုံးကျိပ်ဝင်ကြီးဦးနေဝင်း၏ တစ်ထောင်တန် ချွေးသိပ်မှု 


မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စကထဲက ခေါင်းဆောင်ပိုင်းမှာ ပါဝင်ခဲ့ပေမယ့်၊ 

အပြောလဲအလွန်ကောင်း ဘာသာတရားလဲအလွန်ကိုင်းရှိုင်းတယ်ထင်ရပေသော်လည်း၊

 နိုင်ငံရေးလောဘတွေကြွယ်ခဲ့လို့ တိုင်းပြည်ငါးပါးမှောက်ခဲ့ရတဲ့

 နိုင်ငံရေးသမားတရားခံစစ်စစ်ကိုပြပါဆိုရင်

 မြန်မာ့လွတ်လပ်ရေးနောက်ပိုင်းသမိုင်းမှာ 

သူ့ကိုသာ နံပါတ်တစ်လို့ရွေးချင်ပါတယ်။ 

အကြွေးလဲထူ၊ ဟိုတစတစဒီတစ တမူစီဖြစ်လို့ 

တပ်ထဲထိုးကျွေးခဲ့တာလဲ

သူဘဲဆိုလဲ မငြင်းလောက်ပေဘူး ထင်ရလောက်ပါရဲ့။ 

တိုင်းပြည်အား ရဲဘော်သုံးကျိပ်ဝင်ကြီးဦးနေဝင်း သူထိုးကျွေးသွားတာက 

ရှင်ကြီးဖြစ်နေမှတော့ ကျားထက်ဆိုးမှာဘဲလို့ ဆိုရတော့မှာမို့ 

ဒုတိယသမိုင်းတရားခံလို့သာ ဗိုလ်ရှုမောင်အားသတ်မှတ်ချင်ပါတယ်။

 

 

တစ်ထောင်တန် ချွေးသိပ်မှု


“(ဝဲမှယာ) ဦးရာဇတ်၏ဇနီး ဒေါ်ခင်ခင်၊ မန်းဘခိုင်၏ဇနီး ဒေါ်ခင်နီ၊ ဒီးဒုတ်ဦးဘချို၏ သမီး ဒေါ်ခင်ခင်ဦး၊ ဦးဘဝင်း၏ဇနီး ဒေါ်ခင်စော၊ သခင်မြ၏ဇနီး ဒေါ်ခင်ညွန့်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်နှင့် ဦးနုတို့ကို ၁၉၆၁ ခုနှစ် အာဇာနည်နေ့ အခမ်းအနားတွင် တွေ့မြင်ရစဉ် (ဓာတ်ပုံကို မန်းဘခိုင်၏မိသားစုမှ ကျေးဇူးပြုသည်)”
ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်များသည် ဘုရင်ခံ ဆာဒေါ်မန်စမစ်နေရာ၌ အစားထိုး ရောက်ရှိလာသည့် ဆာဟူးဘတ်ရန်စ့် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများ ရယူကာ လုံးဝလွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေစဉ် ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။
စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းသော ကြားဖြတ်အစိုးရ အဖွဲ့တွင် သခင်မြသည် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနဝန်ကြီး၊ ဒီးဒုတ် ဦးဘချိုသည် ပြန်ကြားရေးဝန်ကြီး၊ ဦးရာဇာတ်သည် ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာနဝန်ကြီး၊ မန်းဘခိုင်သည် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ဝန်ကြီး၊ ဦးဘဝင်းသည် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဦးအုန်းမောင်သည် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ်နှင့် ရဲဘော်ကိုထွေးသည် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် နောက်ဆုံးတာဝန် ထမ်းဆောင်ခဲ့သည်။
မည်သို့ပင်ဆိုစေ အာဇာနည်ကတော် မုဆိုးမတစ်သိုက်မှာ လောကဓံ အပူရုပ်ကို ပြည်သူများကြား ဟန်လုပ်တင်း၍ မျိုးဂုဏ်ရိုးဂုဏ်ထိန်းကာ ရောင့်ရဲခြင်းဖြင့် ဖြေသိမ့်နိုင်ခဲ့ကြသည်။ ၆၇ နှစ်ကြာသည်အထိ သူတို့၏ အိမ်များသည် တိတ်ဆိတ်အေးချမ်းနေသည်။ အဆောင်အယောင် ပကာသနတို့က ဗလာနတ္ထိ။
အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့စဉ်က ၎င်းတို့၏ မျိုးဆက် ရင်သွေးများမှာ အသက်အရွယ်အားဖြင့် အငယ်ဆုံး အသက် ၂ နှစ်မှ အကြီးဆုံး အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် လူမမယ် အရွယ်များသာ ရှိကြသေးသည်။ ကြာခဲ့ပြီဆိုသော်လည်း အာဇာနည် မိသားစုဝင်များသည် ကိုယ်စီ ရုန်းကန်ရသည့် အတိတ်များကို မေ့ပျောက်ရန် ခက်နေသေးသည်။
“အာဇာနည်မိသားစုဝင် တွေဟာ ခေါင်းဆောင်တွေ ဆုံးပါးသွားပြီးတဲ့ နောက်မှာ အတော်ရုန်းကန်ရတာ ရှိပါတယ်။ မတူညီတဲ့ရုန်းကန်မှု ရှိတာကိုး” ဟု ဦးအောင်ဆန်း လုပ်ကြံရချိန်က အသက် ၂ နှစ် ကျော်သာရှိသေးသော ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ၁၉၅၈ ခုနှစ် ဝန်းကျင်ခန့်က ဗြိတိသျှရေနံကုမ္ပဏီ B.O.C က ကျန်ရစ်သည့် ဝန်ကြီးကတော်များကို ကော်မရှင်စားဖြင့် ဓာတ်ဆီ အရောင်းကိုယ် စားလှယ်ပေးခဲ့သည်။ အလားတူ ရန်ကုန်မြို့တော်ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေး၏ ဆိုင်ခန်းတစ်ခန်းစီကို လုပ်ကိုင်စားသောက်နိုင်ရန် အစိုးရမှ ချထားပေးခဲ့သည်ဟု အာဇာနည်မျိုးဆက် မိသားစုဝင်များက ဆိုသည်။
သို့သော် ဤ ကရုဏာကြေးတို့က ကာလမကြာခဲ့ချေ။ ဗိုလ်ချုပ်နေဝင်း တက်လာပြီးနောက် ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင်သိမ်း ခေါင်းစဉ်ဖြင့် ထိုထောက်ပံ့မှုများ အပါအဝင် ရှာဖွေ စုဆောင်းထားသမျှပါမကျန် သိမ်းဆည်းခံ ခဲ့ရပြန်သည်။
“ဓာတ်ဆီဆိုင်တစ်ခု ပေးတယ်။ စကော့ဈေးမှာ ဆိုင်ခန်းတစ်ခုရှိတယ်။ ဒီမုဆိုးမတွေ သူတို့စားဝတ်နေရေး ဖြေရှင်းဖို့အတွက် ပေးခဲ့တာပေါ့။ အဲဒါပြီးတော့ ပြည်သူပိုင်သိမ်းတဲ့ အချိန်ကျတော့ အဲဒါတွေအကုန်လုံး သိမ်းလိုက်တယ်” ဟု ဆိုလာသူက ဘဏ္ဍာရေးနှင့် အခွန်တော်ဝန်ကြီး သခင်မြ၏ ကိတ္ထိမသားဖြစ်သူ ဦးရဲမြင့်အောင် ဖြစ်သည်။ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်များကို ကျောခိုင်း၍ သာမန်အရပ်သား သင်္ဘောသားအလုပ်ဖြင့် မွေးစားမိခင်ကြီးကို ကျွေးမွေးပြုစုလျက်ဘဝကို ဖြတ်သန်းခဲ့သော ဦးရဲမြင့်အောင်၏ ဘဝရပ်တည်မှုက ထူးခြားမှုမရှိ။
သူနေထိုင်ရာ တစ်ထပ်တိုက် အိမ်လေးထဲတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ မော်ကြွားလောက်သည့် အဆောင်အယောင်ဟူ၍ စိုးစဉ်မျှမရှိ။ မွေးစားဖခင်ကြီး သခင်မြ၏ ကိုယ်တစ်ပိုင်းဖြတ် ဓာတ်ပုံကြီးသာ ခန့်ခန့်ထည်ထည်ဖြင့် ရှိနေသည်။
ဦးရဲမြင့်အောင်သည် ရှေးဟောင်းနှောင်းဖြစ် စကားများကို ပြောနေသည့်ကြားမှ တံခါးဝနှင့် မျက်နှာချင်းဆိုင် နံရံတွင် အခန့်သားချိတ်ဆွဲထားသည့် သခင်မြဓာတ်ပုံဆီသို့ မကြာခဏဆိုသလို အကြည့်တို့က ရောက်သွားတတ်သည်။ ထိုအကြည့်များတွင် ဂုဏ်ယူကျေနပ်မှုတို့က အပြည့်။
တစ်သက်လုံး အားကိုးမှီခိုလာခဲ့ရသော ခင်ပွန်းများ ကျဆုံးကုန်သည့်အပြင် ရှိသမျှ စည်းစိမ်ဥစ္စာများပါ သိမ်းဆည်း ခံလိုက်ရသည့်အဖြစ်က တော်ရုံ မိန်းမသားတို့အဖို့ သွေးပျက်လောက်သည့် လောကဓံပင်။ ယင်းကာလအတွင်း ဝန်ကြီးကတော်များ၏ အဆင်တန်ဆာ ရွှေ၊ ငွေများသည်သာ မရှိဝမ်းစာ ဖြစ်ခဲ့ရသည်ဟု အာဇာနည်မိသားစုအချို့က ဆိုသည်။

“အာဇာနည်နေ့ အခမ်းအနားကို တရားဝင်ကျင်းပ ပြုလုပ်ပေးခဲ့သည့် သမ္မတမန်းဝင်းမောင်နှင့် ကျဆုံးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ၁၉၅၈ အာဇာနည်နေ့ အခမ်းအနားတွင် တွေ့မြင်ရစဉ်၊ (ဝဲမှယာ) ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၊ သခင်မြ၏ ဇနီး ဒေါ်ခင်ညွှန့်၊ ဒီးဒုတ်ဦးဘချို၏ဇနီး ဒေါ်လှမေ၊ မန်းဘခိုင်၏ဇနီး ဒေါ်ခင်နီ၊ ဦးရာဇတ်၏ဇနီး ဒေါ်ခင်ခင် (ဓာတ်ပုံကို မန်းဘခိုင်၏ မိသားစုမှ ကျေးဇူးပြုသည်။)”
“ပြည်သူပိုင်သိမ်းလို့ လုပ်ကိုင်စားစရာ ဘာမှမကျန်ခဲ့တော့ အာဇာနည် မိသားစုတွေ အဆင်ပြေအောင် ဆိုပြီး ဦးနေဝင်းက မိသားစု ပင်စင် တစ်လတစ်ထောင် ပေးခဲ့တယ်” ဟုဆိုလာသူက စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီး မန်းဘခိုင်၏ သမီးဒေါ်မြင့်မြင့်ခိုင် ဖြစ်သည်။ ယင်းသို့ ပြည်သူပိုင်သိမ်းခံရ၍ ရှိသမျှ စည်းစိမ်လက်လွှတ်ခဲ့ရချိန် အာဇာနည် မိသားစုများ ဘဝရပ်တည်ရေး ကျပ်တည်းလာချိန် . . . ။
ယခင် လက်ဖော်ကိုင်ဖက် အသိအကျွမ်းများဆိုသည့် စိတ်ဖြင့် ဗိုလ်ချုပ်နေဝင်းက ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့မှလွဲ၍ ကျဆုံးသွားသည့် အာဇာနည်များ၏ ကတော်ခုနစ်ဦးကို ခေါ်ယူတွေ့ဆုံ၍ မိသားစု ပင်စင်တစ်လလျှင် တစ်ထောင်ကျပ် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်မြင့်မြင့်ခိုင်က ဆိုသည်။
ယခု ဒေါ်မြင့်မြင့်ခိုင် နေထိုင်ရာမှာ ဝန်ကြီးမန်းဘခိုင် နေထိုင်ခဲ့ရာ ခြံဝင်းနှင့် ဗြိတိသျှ လက်ရာဒီဇိုင်း နှစ်ထပ်တိုက်။ ရန်ုကုန်မြို့လယ်ဟု ခေါ်နိုင်သည့် တာမွေမြို့နယ်၌ တည်ရှိနေသည်တိုင် ဆူညံမှုတို့ ကင်းဝေးနေသည်။ ပကတိတိတ်ဆိတ် အေးချမ်းနေသည်။ ခြံဝန်း အတွင်းဝင်ပေါက် အနီးတွင် ယနေ့ခေတ်တွင် မြင်ရခဲသည့် ရှေးဟောင်း အုတ်ရေတွင်းက ဆီးကြိုနေသည်။ ယင်းနှင့် ခပ်လှမ်းလှမ်းတွင် စိတ်ကြည်နူးဖွယ် ကြာပန်းများ ပွင့်နေသည့် အလှဆင်ရေကန်ငယ် လေးတစ်ခု ရှိနေသည်။ ရှေးဟောင်းရေတွင်းဟု ဆိုသော်လည်း ပြိုပျက်နေခြင်းမရှိ။ အဖုံးအကာ အပြည့်အစုံနှင့် ပိုးလောက်၊ ခြင်၊ ယင်မဝင်နိုင်အောင် စနစ်တကျ ဖုံးကာထားသည်။
ဗြိတိသျှ လက်ရာဒီဇိုင်း နှစ်ထပ်တိုက်ကြီးကိုလည်း ရှေးလက်ရာ မပျောက်ပျက်အောင် ထိန်းသိမ်းထားဆဲ။ အိမ်ကြီး၏ ဝင်ပေါက် တံခါးမကြီးတွင်လည်း ရှေးဟောင်း သော့ခလောက်ကြီးက အခန့်သား နေရာယူလျက်။ ဧည့်ခန်းအတွင်းနံရံတွင် ဝန်ကြီးတို့ ဇနီးမောင်နှံဓာတ်ပုံကြီးကို ချိတ်ဆွဲထားသည်။ ဧည့်ခန်းအတွင်းရှိ အသုံးအဆောင်များသည်လည်း ရိုးရှင်းသည့် ပြည်တွင်းဖြစ် ကြိမ်ကုလားထိုင်များသာ။
ဝန်ကြီးမန်းဘခိုင် အပါအဝင် အာဇာနည်များ၏ တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့ အသက်စွန့်၍ ရခဲ့သော ခံစားခွင့်သည် ကျပ်တစ်ထောင်မျှသာ။ ယင်းသည်လည်း အကန့်အသတ် ဘောင်အတွင်းကသာ ခံစားခွင့်ပြုထားခြင်း ဖြစ်သည်။
“စစချင်းကတော့ အင်္ဂလိပ်ဘုရင်ခံကနေ ဒီမိသားစုတွေကို တစ်ယောက်ကို တစ်သိန်းပေးတယ်။ အဲဒါပဲ။ တစ်ခါပဲပေး ဖူးတယ်ပေါ့နော်။ ဒါနဲ့ပဲ မိသားစု၊ မုဆိုးမတွေက လုပ်ကိုင်စားသောက်ခဲ့တာပေါ့။ ဒီလို ပင်စင်တို့ ဘာတို့က မပေးဘူး။ ဦးနေဝင်းတက်လာမှ တစ်ထောင်ပေးတာ။ အသေးစိတ် အခက်အခဲတွေကတော့ အများကြီးပေါ့။ ဒါပေမဲ့ စားရမဲ့၊ သောက်ရမဲ့ အထိတော့ မရောက်ခဲ့ဘူး” ဟု ဆိုလာသူမှာ ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဘဝင်း၏သား ဦးအေးဝင်း ဖြစ်သည်။
အာဇာနည် ခေါင်းဆောင်ကြီးများ၏ မျိုးဆက်များနေထိုင်ရာ အိမ်များသည် ရောက်လာသည့် ဧည့်သည်ကို အေးချမ်းမှု ရစေသည်။ ဟိတ်ဟန်မရှိ။ စိုးရွံ့နေရမှု အလျဉ်းမခံစားရပေ။ တစ်သွေးတည်း တစ်သားတည်း ညီအကိုမောင်နှမများကို တွေ့ရသည့်နှယ်။ သူတို့သည် အနေအေး၍ စိတ်ရိုးသူများ ဖြစ်သည်။ သူတို့၏ မျက်နှာသွင်ပြင်များသည် ထောင်လွှား မောက်မာမှုတို့ ကင်းနေသည်။
ပညာရေးနှင့် အမျိုးသားစီမံကိန်း ဝန်ကြီးဦးရာဇတ်၏သား ဦးတင်မြင့်၏ အိမ်အတွင်း၌ ထူးခြားသည့် ဆိုင်းဝိုင်းပုံ စားပွဲကြီးတစ်လုံးက နေရာယူထားသည်။ ယင်းနှင့် ခပ်လှမ်းလှမ်းတွင် ဝန်ကြီးဦးရာဇာတ်၏ ကိုယ်တစ်ပိုင်းပုံ ကြေးရုပ်တုကြီး ရှိနေသည်။ ဤသည်ကပင် ဝန်ကြီး ရှိနေသယောင်။ ဝန်ကြီး အသက်ထင်ရှား ရှိစဉ်က သူ၏တပည့်တပန်းများနှင့်တွဲ၍ ရိုက်ထားသည့် ဓာတ်ပုံဟောင်းများကလည်း အိမ်မကြီး နံရံများတွင် အစီအရီ။
ဦးတင်မြင့်သည် ဂေါက်သီးအားကစားကို ဝါသနာထုံသူလည်း ဖြစ်ဟန်ရှိသည်။ ဧည့်ခန်းအတွင်း၌ ဂေါက်အိတ်များ၊ ဂေါက်နှင့် ပတ်သက်သည့် ဆုတံဆိတ်များ။
“ပြည်သူပိုင် သိမ်းလိုက်တဲ့အခါကျတော့ စားဝတ်နေရေးက ခက်တာပေါ့လေ။ ခက်တဲ့အခါကျတော့ သူ (ဦးနေဝင်း) ကနေခေါ်ပြီးတော့ မုဆိုးမပင်စင်ဆိုပြီး ပေးလိုက်တယ်။ မုဆိုးမပင်စင်ဆိုတဲ့ အဓိပ္ပာယ်က ဘာဖြစ်လဲဆိုတော့ ဒီမုဆိုးမတွေ တစ်သက်တာပဲ။ သားသမီးတွေကိုတော့ မပေးဘူး” ဟု ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့် ရှင်းပြသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ကျန်ရစ်သူ ဝန်ကြီးကတော်များသည် ပင်စင်အဖြစ်ပေးသည့် လစဉ် ထောက်ပံ့ငွေ ကျပ်တစ်ထောင်မှလွဲ၍ ကျန်မည်သည့်ထောက်ပံ့မှုမျှ အစိုးရထံမှ မရခဲ့ကြကြောင့်း အာဇာနည် ခေါင်းဆောင်ကြီးများ၏ မျိုးဆက်မိသားစုဝင်များက တစ်ညီတစ်ညွတ်တည်း ဆိုသည်။
“ဓာတ်ဆီဆိုင်ကို ပြည်သူပိုင်သိမ်းတော့ ပြန်အပ်လိုက်တာပေါ့။ ပြန်အပ်ပြီးတော့ ဒီလိုပဲ အဖေ့လခနဲ့၊ အဘွားပင်စင်လခနဲ့ ။ အဘွားကအဲဒီတုန်းက ပင်စင်ရတယ်လေ။ အဲဒါနဲ့ပဲ ကျွန်တော်တို့ မောင်နှမ ခုနစ်ယောက်ပေါ့၊ အဲဒါနဲ့ပဲ ရပ်တည်လာတာ။ နောက်ပိုင်းမှာတော့ အစိုးရ အထောက်အပံ့တွေ ဘာမှမရတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ရပ်တည်ခဲ့ရတာ” ဟု ဖွင့်ဟလာသူမှာ ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချို၏ မြေးဖြစ်သူ ဦးသန့်ဇင်ချို ဖြစ်သည်။
ဤငွေတစ်ထောင်ကို မည်သည့် ရည်ရွယ်ချက်ဖြင့် ပေးခဲ့သည်ဖြစ်စေ မည်သူမျှ စောဒက မတက်ခဲ့ကြ။ “အဲဒီတုန်းက တစ်ထောင်က အများကြီးပေါ့။ ရွှေဈေးက သုံးရာလေးရာရှိမယ် ထင်တာပဲ။ ဒါပေမဲ့ အဲဒါနဲ့တော့ မလုံလောက်ခဲ့ဘူး။ အန်ကယ် သင်္ဘောလိုက်တဲ့ ဝင်ငွေလေးနဲ့ပဲ မိသားစုနေထိုင်ရေး အတွက် လုပ်ခဲ့ရတာပေါ့လေ” ဟု ဦးရဲမြင့်အောင်က ဆိုသည်။
ရသမျှဖြင့် ရောင့်ရဲ၍ ရှိသမျှဖြင့် ဘဝလှအောင် ထိန်းထားကာ ပြည်သူ အငြိုအငြင်ကင်းအောင် နေတတ်ခဲ့ခြင်းက အာဇာနည်မျိုးဆက် မိသားစုများ၏ ဂုဏ်တစ်ရပ်ပင်။ အာဇာနည်မျိုးဆက် မိသားစုဝင် အများစုသည် အစိုးရဝန်ထမ်းဘဝဖြင့် ဖြတ်သန်းကြသူကများပြီး စီးပွားရေး ကိစ္စရပ်များတွင် ဝင်ရောက်လုပ်ကိုင်မှု မရှိသလောက် ဖြစ်နေသည့်အချက်ကို သွားရောက် တွေ့ဆုံမေးမြန်းမှုများအရ သိရသည်။
“အမေတို့ဆို ကိုယ်ရှိတဲ့ရွှေငွေတွေ ချရောင်းပြီး နိုင်ငံရေးလုပ်ခဲ့တာပဲ။ တပြားတချပ်မှ မစုမိဘူး။ မရှိကြဘူး။ ဒီနေ့ခေတ်လို တစ်သက်စားမကုန်တဲ့၊ မြေးစဉ်မြေးဆက် စားမကုန်နိုင်လောက်အောင် မစုမိဘူး။ ဒီလိုပဲ ရုန်းကန်ခဲ့ရတာပေါ့” ဟု သခင်မြ၏ ကိတ္ထိမသားဖြစ်သူ ဦးရဲမြင့်အောင်က ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဝန်ကြီးချုပ်ဦးနုက ခန့်အပ်ခဲ့ပြီး သူတို့ မိသားစုအတွက်မူ ကြမ်းကြမ်းတမ်းတမ်း ဖြစ်သန်းခဲ့ရခြင်းမျိုး မရှိကြောင်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကျွန်မအနေနဲ့ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းရတာ မရှိပါဘူး။ တခြားပြည်သူတွေနဲ့ တစ်ပြေးညီရှိတယ်။ မေမေ့ရဲ့ လစာ၊ ရုန်းကန်မှုကြောင့် လုံလောက်တဲ့ဝင်ငွေနဲ့ ရပ်တည်ခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
အာဇာနည် ခေါင်းဆောင်ကြီးများ၏ မျိုးဆက်သစ် မိသားစုဝင်များသည် လက်ရှိပိုင်ဆိုင်ထားသည့် ဘဝရပ်တည်မှုအပေါ် ကျေနပ်မှုရှိပါ၏လောဟု မေးခွန်းထုတ်ဖြစ်သည်။
“တို့ဗမာတွေက ရောင့်ရဲတင်းတိမ် တိမ်ကြပါတယ်” ဟု ဦးရဲမြင့်အောင်က ဆိုလာသည်။
ပြည်သူပိုင် သိမ်းထားသည့် ဓာတ်ဆီဆိုင်များကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြီးခဲ့သည့် နှစ်ပိုင်းက ပုဂ္ဂလိကသို့ ပြန်လည် လွှဲပြောင်းခဲ့ချိန်တွင် အာဇာနည်မျိုးဆက် မိသားစုဝင်များသည် ၎င်းတို့ ပိုင်မြေများပေါ်၌ တည်ဆောက် လုပ်ကိုင်ခဲ့သည့် ဓာတ်ဆီဆိုင်များဖြစ်၍ ပြန်လည် လျှောက်ထားခဲ့ကြသေးသည်။
သို့သော် အာဇာနည်မိသားစုများ၏ လျှောက်ထားမှု အားလုံးရေစုန်မျှောခဲ့ရသည်။ ရေနံတင်သင်္ဘော ရှိရမည်၊ ဆီသိုလှောင်ကန် ရှိရမည်၊ ထီးတန်းကဲ့သို့သော ဆိပ်ကမ်းတွင် ထားသိုစရာနေရာ ရှိရမည် စသည်ဖြင့် သူတို့ လက်လှမ်းမမီနိုင်သော စည်းမျဉ်းများဖြင့် အငြင်းခံလိုက်ရသည်။
“မပေးချင်တော့ ဒီမိသားစုတွေ လက်လှမ်းမမီတဲ့ ဥပဒေတွေနဲ့ လုပ်လိုက်တယ်။ ဥပဒေဆိုတာက စည်းမျဉ်း၊ စည်းကမ်းတွေပေါ့။ သိန်းပေါင်းထောင်နဲ့သောင်းနဲ့ ချီပြီးရင်းရမှာဆိုတော့ ဒီမိသားစုဝင်တွေမှာ ဘယ်ရှိမလဲ” ဟု အရိုးခံအတိုင်း ဖွင့်ဟလာသူမှာ ဦးရဲမြင့်အောင် ဖြစ်သည်။
ယင်းဓာတ်ဆီဆိုင် လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ မိသားစုတစ်စုအားဖြင့် မနိုင်ခြင်းကြောင့် အာဇာနည် မိသားစုဝင်များ အားလုံးအတွက် စုပေါင်း၍ တစ်ဆိုင်ကိုသာ လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားခဲ့ သည်ကိုပင်လျှင် ငြင်းပယ်ခံခဲ့ရသည်ဟု နေပြည်တော်အထိ သွားရောက်ကာ ဓာတ်ဆီဆိုင် လုပ်ကိုင်ခွင့်ပြန်ရရန် လျှောက်ထားခဲ့ကြသည့် အာဇာနည် မိသားစုဝင်အချို့က ဆိုသည်။
“ဒီလိုတောင်းတာက စားဝတ်နေရေးအတွက် တောင်းတာပါ၊ ဒါလည်းမရခဲ့ဘူး၊ သူ့ဟာသူအဆင်ပြေရာ ခရိုနီတွေပဲ ရသွားတာပေါ့ကွာ”ဟု ဦးရဲမြင့်အောင်က စိတ်ပျက်စွာဆိုသည်။ ယင်းအချိန်က ကြံ့ခိုင်ရေးအသင်း၊ မက်စ်နှင့် စစ်ဗိုလ်များနှင့် နီးစပ်သူကုမ္ပဏီများသာ ဆီဆိုင်များ လုပ်ပိုင်ခွင့်ရခဲ့သည်။
စီးပွားရေးခရိုနီ အသိုင်းအဝိုင်းကြား ဗိုလ်ချုပ်နှင့် အရာရှိအရာခံများ ရေပန်းစားနေချိန်။ နိုင်ငံတော် စီမံကိန်းကြီးများနှင့် လယ်ကွက်များကို လက်ညှိုးညွှန်ရာ ရေဖြစ်နေချိန်တွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ သားသမီးများက ဝန်ထမ်းပင်စင်လစာ၊ သားသမီးထောက်ပံ့စာဖြင့် ရပ်တည်ရှင်သန်နေကြသည်။ အာဇာနည်မျိုးဆက်ဆိုသည့် ဂုဏ်ကိုထိန်းရင်း အသက်ဆက်လျက်။
အာဇာနည် မိသားစုများဖြစ်၍ သီးခြားခံစားခွင့် ဆိုသည်မှာ စိုးစဉ်းမျှမရှိခဲ့၊ မရခဲ့ပေ။ သို့တိုင်အောင် တောင်းခံမှုလည်း မပြုခဲ့ကြ။ ကနဦးက တစ်လကျပ်တစ်ထောင် စားဖြင့် အာဇာနည်ကတော် မုဆိုးမများ ဖြတ်သန်းခဲ့ရသည်။ ယနေ့ခေတ်ကဲ့သို့ စစ်တပ် ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဆွေမျိုးပေါင်းဖော်များကဲ့သို့ အခွင့်အရေးမရှိ။
“အခုလူတွေလိုမျိုး အခွင့်အရေး ရသင့်သလောက်တော့ မရဘူး။ ကျွန်တော်တို့ကလည်း မတောင်းဘူး။ ကျွန်တော်တို့ မြေကွက်ရဖို့၊ အလုပ်တိုးတက်ဖို့၊ ဘာညာ အခွင့်အရေးရဖို့ ဘာတစ်ခုမှ မရေးဖူးဘူး။ မတောင်းဖူးဘူး။ ဘာမှလည်း မပေးဘူး။ ဘာမှလည်း မတောင်းဘူး” ဟု မာနသံစွက်၍ ဆိုလာသူက ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီး ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့် ဖြစ်လေသည်။
မိုးခိုင်၊ အောင်မျိုးထက်
Contributed by အောင်ထက်

Related Post; အာဇာနည်မျိုးဆက် တို့၏ နိုင်ငံရေးလက်ဆင့်ကမ်း ခရီးကြမ်း
Credit to: http://thevoicemyanmar.com/index.php/article/item/1319-tht

No comments:

Post a Comment